မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသေခြင်းတရားကို စာပေဖြင့်အံတုခဲ့ခြင်း

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘဝနဲ့ ဓမ္မမှာ ထူးခြား မှုတွေများတဲ့အကြောင်းကို ကျွန်တော်တို့ မကြာခဏဆိုသလို ကြားသိနေရလေ့ရှိပါတယ်။။ ဆရာတော်ကြီးကိုယ်တိုင်လည်းပဲ သူကိုယ်တိုင်ရေးသားတော်မူတဲ့ ကျမ်းစာအုပ်များထဲမှာ သူ့ရဲ့ထူးခြားတဲ့အဖြစ်အပျက်များကို ထည့်သွင်းရေးသားတော်မူလေ့ရှိပါတယ်။

ထူးခြားမှုများစွာထဲက အဖြစ်အပျက်အချို့ကို ဥပမာအဖြစ် တင်ပြပါရစေ။မဟာဗောဓိမြိုင်ဆရာတော်ကြီး ၁၄ နှစ်ပြည့်ဖို့ ၃၊၄ ရက်အလိုမှာ သူ့ရဲ့မိခင်ကြီးနဲ့ အင်ကြင်းပင်ကမ္မဋ္ဌာန်းကျောင်းကို ရောက်ခဲ့ပါတယ်။ ရှင်ဘဝနဲ့ ရောက်ခဲ့တာဖြစ်ပြီး အဲဒီမှာ ဝေဘူဆရာတော်ကြီးကို ဖူးတွေ့ခွင့်ရခဲ့ပါတယ်။ ဝေဘူဆရာတော်ကြီးက မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ကာဘော်လိပ်ဆပ်ပြာတစ်ခဲ(လီးဘားအမှတ်တံဆိပ်)နှင့် နံ့သာတိုင်ဆယ်ချောင်းကို ကားပေါ်မှတစ်ဆင့် လှမ်းလင့်ပစ်ချပေးသွားခဲ့ပါတယ်။ ဒါဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ရှင်ဘဝအစအဦးမှာပဲ ဝေဘူဆရာတော်ကြီးရဲ့ ချီးမြှောက်မှုကိုခံရတဲ့ ထူးခြားဖြစ်စဉ်ဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ကောဇာသက္ကရာဇ် ၁၃၁၇ ခု (၁၄ နှစ်သား)မှာ ကိုရင်အဖြစ်နဲ့ သာသနာ့ဘောင်ကို ဝင်တော်မူခဲ့ပြီး ၁၃၂၇ နှစ် (၂၄ နှစ်သား)မှာ လူထွက်ပါတယ်။ ၁၃၄၁ ခုနှစ်(၃၈ နှစ်)မှာ ဒုတိယအကြိမ် ရဟန်းပြန်ဝတ်ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်ရဟန်းဘဝမှာ ပရိယတ္တိစာပေ လိုက်စားမှုအနေနဲ့ အကြီးတန်းအထိ အောင်မြင်တော်မူခဲ့ပါတယ်။ဒုတိယအကြိမ်ရဟန်းခံခြင်းနှင့်ပတ်သက်ပြီး ဆရာတော်ကြီးက-‘ငါ၏ ရဟန်းခံရက်ကား ၁၃၄၁ ခုနှစ် တော်သလင်းလဆန်း ၁၃ ရက်နေ့ တနင်္ဂနွေနေ့တည်း။ ငါ၏ ပထမရဟန်းဘဝ သိက္ခာချစဉ်က ၁၃၂၇ နှစ်၊ တော်သလင်းလဆန်း ၁၂ ရက်နေ့ဖြစ်ရာ တိုက်တိုက်ဆိုင်ဆိုင် အထွက်ကား ၁၂ ရက်၊ ပြန် အဝင်ကား ၁၃ ရက်ဖြစ်နေခြင်းပင်တည်း။’ (ဥလ္လမ္ပတုဘိက္ခုဘာဝကထာ-စာ ၆ဝ)မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ၁၄ နှစ်အကြာမှ ဒုတိယအကြိမ် ရဟန်းပြန်ဝတ်တဲ့အခါမှာ ပထမအကြိမ် ရဟန်းဘဝက ထွက်စဉ်အချိန်နဲ့ ချိန်ကိုက်ထားတာမျိုးမဟုတ်ပါဘဲ အဝင်အထွက် တစ်ဆက်တည်းဖြစ်နေတာကို လည်း ထူးခြားမှုအဖြစ် မြင်တွေ့ရပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ တောရပ်မှီရင်း တရားဓမ္မကို ကျင့်ကြံ ကျိုးကုတ်အားထုတ်ရုံမျှမကဘဲ စာပေရေးသားတဲ့ဘဝကို မွေ့လျော်တာကို ကြည်ညိုဖွယ်ဖူးတွေ့ရပါတယ်။ ဆရာတော်ကြီးဟာ သူစာရေးသားခြင်းဟာ လူရှုပ်၊ လာဘ်ပေါ၊ ကျော်ဇော်၊ ချွေရံ ထိုလေးတန်အတွက်မဟုတ်ကြောင်း ရေးသားတော်မူခဲ့ဖူးပါတယ်။ ဆရာတော်ကြီးရဲ့ စာပေအပေါ် ချစ်မြတ်နိုးစိတ်၊ စာပေကို ယုံကြည်စိတ်ကို ‘ပဋိဘာန ဉာဏဒဿနကထာ’ ဆိုတဲ့ ကျမ်းစာ အုပ်နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အရေးအသားများမှာ တွေ့ရပါတယ်။ဆရာတော်ကြီးဟာ ၁၃၅၃ ခုနှစ် ကဆုန်လဆန်း ၁ဝ ရက် (၁၉၉၁ ခုနှစ် ဧပြီ ၂၂ ရက်)မှာ ပျဉ်းမနားလက်လုပ်တောင်ကို ကြွချီတော်မူပါတယ်။ မကြွမှီကပင် တရားမဟော၊ အဖူးတွေ့မခံ၊ ဆွမ်းခံရုံမှတစ်ပါး ဘာမှ မချီးမြှောက်ဆိုတဲ့ ဝန်ခံချက်နဲ့ ပျဉ်းမနားက တပည့်ဒကာများက ပင့်ဆောင်ခွင့်ရကြတာလည်းဖြစ်ပါတယ်။ဆရာတော်ကြီးဟာ ၁၃၄၁ မှာ စတင်တောထွက်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာ သာစည် ရွှေကျောင်းကုန်းတောင်၊ ထို့မှတစ်ဆင့် မွန်ပြည်နယ် ဇင်းကျိုက်ဒေသရှိ ဇင်းကျိုက်တောင်၊ ရသေ့မဂူ၊ မင်းတစ်ရာ့တစ်ပါးတောင်၊ ကျောက်ခမောက်တောင်(၁၃၄၃-၁၃၄၆)၊ ထိုမှတစ်ဆင့် ဖူးကြီး သံသုမာရတောင်(၁၃၄၆)၊ ထိုမှတစ်ဆင့် စစ်ကိုင်း၊ မြန်အောင်ချောင် ဘာဝနာကုန်းမြင့်(၁၃၄၈)၊ ထိုမှတစ်ဆင့် ရွှေကျောင်းကုန်းတောင်(၁၃၄၉-၁၃၅၃)၊ ထိုမှတစ်ဆင့် ပျဉ်းမနား လက်လုပ်တောင်တို့ကို လှည့်လည်တရားအားထုတ်ခဲ့တာဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ဘဝကန္တရသေင်္ကတကထာ လို့ နာမည်ပေးထားတဲ့အတိုင်းပဲ စခန်းဖွေရှာခဲ့တဲ့ ခရီးများဟာ ကြမ်းတမ်းလှပါတယ်။ (နောင် အလျဉ်းသင့်ရင် ဆရာတော်ကြီးရဲ့ အဆိုးလောကဓံများကို အသေးစိတ်ရေးပါ့မယ်။)

ရွှေကျောင်းကုန်းတောင်မှ ပျဉ်းမနားလက်လုပ်တောင်ကို ပြောင်းရွှေ့သတင်းသုံးခြင်းမပြုမှီမှာပဲ ‘ထိုတောင်ရောက်လျှင် သေမည်’လို့ အိပ်မက်စကားက အကြိုထောက်တော်မူနေနှင့်ပါတယ်။ဒီနေရာ ပြောစရာရှိလာတာက ‘အိပ်မက်စကား’ဆိုတဲ့ ဆရာတော်ကြီးရဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ အိပ်မက်နဲ့ပတ်သက်ပြီး ‘အိပ်မက် ဟူသည် စိတ်စွဲလန်းလွန်းလှ၍၊ သွေးလေတို့ မညီမျှ၍၊ နတ်တို့က သတိပေးလို၍ ‘ရယ်လို့ ၃ မျိုးရှိတယ်လို့ ဆိုပါတယ်။ နတ်တွေသတိပေးတဲ့ အိပ်မက်နဲ့ပတ်သက်ပြီး ‘နတ်တို့က သိစေလိုသော အိပ်မက်မျိုးကား စင်းလွန်း ရှင်းလွန်း လှချေ၏။ ရံတစ်ခါ ပြီးခဲ့သော ဖြစ်ရပ်ဟောင်းများကို ထောက်ပြခြင်း၊ သတိပေးခြင်းများဖြစ်နေတတ်ပြီး ရံတစ်ခါ နောင်ဖြစ်ပေါ်လာမည့် အနာဂတ် ကိစ္စရပ်များကို သတိပေးခြင်း၊ နှိုးဆော်ခြင်းများဖြစ်နေတတ်သည်၏’လို့ မဟာဗောဓိ မြိုင်ဆရာတော်ကြီးက ဖွင့်ဆိုရှင်းပြတော်မူပါတယ်။

လက်လုပ်တောင်ပေါ်ရှိ ရွှေနန်းသွင်းစေတီတော်လက်လုပ်တောင် အိပ်မက်ကိစ္စကို ဆက်ရရင် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ လက်လုပ်တောင်ရောက်ရင် သေမယ်ဆိုတဲ့ အိပ်မက်စကားကို (ဝါ) သေခြင်းကို စာပေနဲ့အံ့တုတော်မူခဲ့တာကို အံ့သြဘနန်း ဖူးတွေ့ရပါတယ်။’ထိုရောက်ကတည်းက ငါ၌ သေမည့်ကိစ္စ စိတ်ကို အမြဲသတိပေးနေတော့၏။ သေရမည်ကိုကား မကြောက်၊ ထောက်နေသည်ကား ငါသေလျှင် …။သေမျိုးသည် လူသေ၊ မူသေ၊ ကိလေသာသေ ဟူ၍ သုံးမျိုးရှိရာ လူသေကား ခန္ဓာစဲခြင်းကို ဆို၏။ မူသေကား အကျင့်လဲသွားသည်ကို ဆို၏။ ကိလေသာသေကား ရဟန်းကိစ္စပြီးစီပြတ်စဲသွားသည်ကို ဆို၏။ ထိုသေသုံးမျိုး ဘယ်အမျိုးဟူ၍ကား မသိ။သို့သောြ မညသြညြ့နညြးဖှငြ့သသေေ ငါသလွှငေကြား အတှေးဖှငြ့ မှှေ နမှေဲ၊ ငါသလွှငြေ ငါ့ဝနေယမွွေားအတှကြ ငါသိစလေိုသော အခကွမြွား ရေးပှခဲ့ခငွပြါသေး၏။ မဟောမပြ၊ အဖူးတွေ့လည်းမခံလျှင် ခမျာများ ငါ့မှီ၍ ဘာမျှ အမွေရကြ တော့မည်မဟုတ်။ အမွေသည် အမွှေအဖြစ်ဖြင့် မငဲ့ရာမှ စောင်းလာချေပြီ။ ထိုအတွေးကြောင့်ပင် ဝါဆိုလပြည့် ဓမ္မစကြာနေ့ကို ဦးတိုက်လျက်က ‘ပဋိဘာန ဉာဏဒဿနကထာ’ အမည်ဖြင့် ဝိပဿနာ အလုပ်ပေးကျမ်းကြီး ကို စီရင်တော့၏။ စာမျက်နှာဆိုက်ကြီး ၄၈ဝ ရှိပြီး တော်သလင်းလပြည့်နေ့ အကြမ်းပြီးစီး၏။ သေချင်ရာသေဟေ့၊ ငါ့မျိုးစေ့ မြေပေါ်ကျသွားပြီ။ ထိုကြုံးဝါးချက်ကား တော်သလင်းလပြည့်နေ့ညက ဖြစ်ပေါ်လာသော သေခြင်းကို အံတုခြင်းတည်း။'(ဥလ္လမ္ပတုဘိက္ခုဘာဝကထာ-စာ ၈၉)

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ မြတ်ဘုရားရဲ့ တရားဓမ္မကို အလေးဂရု ပြုပြီး ကျင့်ကြံနေထိုင်နေမူပါတယ်။ ဒါ့အပြင် စာပေရေးသားခြင်းကိုလည်း မြတ်နိုးတန်ဖိုးထားပြီး ကျမ်းစာအုပ်ပေါင်းများစွာကို ရေးသားတော်မူပါတယ်။ ဆရာတော်ကြီး အချိန်နှစ်လအတွင်းရေးသားခဲ့ ပဋိဘာန ဉာဏဒသဿကထာဆိုတဲ့ စာအုပ်ကို ေဉယျဓမ်စာပေက ၂ဝ၁၈ ခုနှစ် ဇူလိုင်လအတွင်းက စတုတ္ထအကြိမ်ပြန်လည်ထုတ်ဝေရာမှာ မဂ္ဂဇင်းဆိုဒ် နဲ့စာမျက်နှာ ၈၆၇ မျက်နှာရှိတာကိုတွေ့ရပါတယ်။ ဆရာတော်ကြီးရဲ့ဉာဏ်တော်ဟာ ထိုမျှအထိ ရင့်သန်အားကောင်းလှပါတယ်။မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ ထို ဝိပဿနာအလုပ်ပေးကျမ်းကြီးကို ရေးသားရင်း ‘သေချင်ရာသေဟေ့၊ ငါ့မျိုးစေ့ မြေပေါ်ကျသွားပြီ’ လို့ ဥဒါန်းကျူးရင်းခဲ့ပုံကို မှန်းမျှော်ကြည်ညိုရင်း ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာများကို ဦးခိုက်ပူဇော်မဝ ဖြစ်ရ ကြောင်းပါဗျာ။

ငြိမ်းချမ်းသာ

၂၄-၁ဝ-၂ဝ၁၉

ရည်ညွှန်းကိုးကား/-

၁။ ဥလ္လမ္ပတုဘိက္ခုဘာဝကထာ (၂ဝ၁၅)၊ စတုတ္ထအကြိမ်

၂။ ဘဝကန္တာရသင်္ကေတကထာ(၂ဝ၁၂)

Leave a comment